Aug 31, 2013

ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်

ရှမ်းပြည်နယ် တည်ရှိသော ကုန်းပြင်မြင့်သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ရှေးအကျဆုံး ကုန်းမြေစိုင်ဖြစ်သည်။ ဤဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၀၀၀ (ကမ်ဘာရီယန်ခေတ် မတိုင်မီ) ကပင် ကုန်းဖြစ်နေသည်ဟု သိရသည်။ သို့ရာတွင် နောက်ပိုင်း ဘူမိဗေဒခေတ်များ၏ ပို့ချမှုများကိုလည်း အစဉ်အဆက် တွေ့ရသည်။ ဤကဲ့သို့ဖြစ်ရသည်မှာ ကုန်းဖြစ်ပြီးသော ဤဒေသအတွင်း ပင်လယ်ရေတစ်ကြိမ်မက ဝင်ရောက်ခဲ့သောကြောင့်ဖြစ်သည်။ အလယ်ကပ် (Mesozoic Era) အဆုံးလောက်တွင်မူ ပင်လယ်ရေသည် ရှမ်းပြည်မှ ဆုတ်ခွာသွားပြီးဖြစ်၍ ရှမ်းကုန်းပြင်မြင့် အနောက်ဖက်စွန်းသည် ထိုအချိန်က ပင်လယ်ကမ်းရိုးတန်း ဖြစ်ဟန်ရှိသည်။ ကုန်းမြေဖြစ်ပြီးမှ ပြင်းထန်သော မြေလွှာလှုပ်ရှားမှုများ ရှိခဲ့၍ အချို့နေရာတွင် ကျောက်လွှာများ ကွဲပြတ်ကျွံကျနေသော လွှာကျွံချိုင့်ဝှမ်းများတလျှောက် စီးဆင်းနေသည်ကို တွေ့ရသည်။ ပြင်းထန်သော လှုပ်ရှားမှုများကြောင့်ပင် အချို့ကျောက်များတွင် အသွင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်ရာ စကျင်ကျောက်ကဲ့သို့သော ထုံးကျောက်နုများ ပေါ်လာသည်။

ရှမ်းပြည်နယ်တွင် ဘူမိဗေဒခေတ် အချိန်က ရေအိုင်များ အတော်အတန် များပြားခဲ့ဟန်ရှိသည်။ အချို့သောအိုင်များမှာ ထုံးကျောက်များ ပျော်ဝင်သွားရာမှ ဖြစ်ပေါ်လာသော အိုင်များဖြစ်သည်။ ယခုထက်တိုင် ကျန်ရှိနေသေးသော ရေအိုင်မှာ အင်းလေးရေအိုင် ဖြစ်သည်။ ယခုအခါ မြေနိမ့်လွင်ပြင်များ ဖြစ်နေပြီဖြစ်သော သိန္နီလွင်ပြင်၊ ကျောက်မဲလွင်ပြင်၊ သီပေါလွင်ပြင်၊ ဟဲဟိုးလွင်ပြင်၊ ကျိုင်းတုံလွင်ပြင်များမှာ တစ်ကြိမ်က ရေအိုင်နေရာဟောင်းများ ဖြစ်ကြသည်။

ရှမ်းပြည်နယ်၏ ယေဘုယျ အမြင့်မှ ၃၀၀၀ နှင့် ၄၀၀၀ ပေကြားတွင် ရှိသည်။ သို့သော် အချို့တောင်တန်းများမှာ ၅၀၀၀ မှ ၇,၅၀၀ ပေ ထိအောင် မြင့်သည်။ တောင်ထွတ်များမှာမူ ထိုထက်မက ပို၍မြင့်ကြသည်။ တောင်တန်းများသည် အများအားဖြင့် တောင်နှင့်မြောက် သွယ်တန်းနေကြသည်။ သို့ရာတွင်အနောက်မြောက်ပိုင်းရှိ တောင်တန်းများသည် ယေဘုယျ တောင်ကြောမှ သွေဖည်လျက်ရှိသည်။ သိန္နီနယ်အနောက်ပိုင်းရှိ လွိုင်လွန် တောင်တန်းမှာ အရှေ့မြောက် အနောက်တောင် တန်းလျက်ရှိပြီး နမ့်ဆမ် (တောင်ပိုင်နယ်) နှင့် မိုးကုတ်ကြားရှိ တောင်တန်းမှာမူ အရှေ့အနောက် တန်းလျက်ရှိသည်။ တောင်တန်းများ ကြားတွင် လွှာကျွှံ ချိုင်ဝှမ်းများရှိတတ်၍ ထိုချိုင့်ဝှမ်းများ တလျှောက်တွင် မြစ်များစီဆင်းလျက်ရှိသည်။ မြစ်များသည်လည်း တောင်တန်းများနှင့် မျဉ်းပြိုင်မြောက်မှတောင်သို့ အများအားဖြင့် စီးဆင်းသည်။

ဤဒေသ၏ အထင်ရှားဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်သည်။ သံလွင်မြစ်သည် အလျား အလွန်ရှည်၍ မြစ်ဝှမ်း ကျဉ်းသောမြစ်ဖြစ်သည်။ ယင်းမြစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်ပိုင်းရှိ တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံ၍ အိန္ဒိယသမုဒ္ဒရာ၏ တစိတ်တဒေသဖြစ်သော မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သည်။ ထိုမြစ်သည် မြန်မာပြည်တွင်းသို့ ကိုးကန့်နယ် မြောက်ဖျားမှ စတင်စီးဝင်းလာသည်။ ယင်းမြစ်ကို မြန်မာများက သံလွင်ဟု ခေါ်၍ရှမ်းများက နမ့်ခေါင်ဟုခေါ်သည်။ သံလွင်မြစ်သည် တောင်ကုန်း ထူထပ်သော အပိုင်းကို နက်ရှိုင်းစွာ တိုက်စားစီးဆင်းလာ၍ မြစ်ဝှမ်းမှာ ကျဉ်းမြောင်း နက်ရှိုင်းသည်။ ထို့ကြောင့် သံလွင်မြစ် ဖြတ်စီးရာတလျှောက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါးများကို တွေ့ရသည်။

မြစ်ဖြတ်စီးရာတလျှောက်တွင် ကျောက်ဆောင်လည်း အလွန်ထူထပ်၍ ရေစီးမှာလည်း အလွန်မြန်သည်။ မြစ်ဝှမ်းနက်ရှိုင်းခြင်းကြောင့် ရေပြင် အတက်အကျလည်း အလွန်များသည်။ ထိုကဲ့သို့ ရေစီးမြန်ခြင်း၊ ရေပြင်အတက်အကျများခြင်း၊ ရေတံခွန်များ၊ ရေမှော်များရှိခြင်းကြောင့် သံလွင်မြစ်သည် ရေကြောင်းခရီးသွားလာရေးအတွက် သော်လည်းကောင်း၊ ရေသွင်း စိုက်ပျိုးရေးအတွက် သော်လည်းကောင်း အသုံးမ၀င်ပေ။ သို့ရာတွင် လျှပ်စစ်အား ထုတ်ယူရန်အတွက်မူ အသုံးချကရနိုင်စရာ ရှိသည်။

ရှမ်းပြည်မနယ်အတွင်း သံလွင်မြစ်၏ ထင်ရှားသော မြစ်လက်တက်များမှာ အရှေ့ဖက်တွင် မြောက်မှ စသော် နမ့်တင်းဟိုနှင့် နမ့်ခတို့ ရှိကြ၍ အနောက်ဖက်တွင် နမ့်ပန်နှင့် နမ့်တန်တို့ ရှိကြသည်။ ဘီလူးချောင်းသည်လည်း သံလွင်မြစ်၏ မြစ်လက်တက် တခုဖြစ်သော နမ့်ပွန် မြစ်ထဲသိစီးဝင်သည်။ မြစ်လက်တက်များအနက် အရှေ့ဖက်မှ စီးဝင်သော မြစ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံ၍ စီးလာကြခြင်းဖြစ်သည်။

သံလွင်မြစ်အပြင် အခြားထင်ရှားသော မြစ်များမှာ ဧရာဝတီ၏ လက်တက်များဖြစ်ကြသော ရွှေလီ၊ ဒုဋ္ဌဝတီ ခေါ် နမ္မတူမြစ်များနှင့် မဲခေါင်း၏ မြစ်လက်တက်နမ့်လွယ်တို့ ဖြစ်ကြသည်။ ရွှေလီမြစ်သည် ယူနန်နယ်တွင် မြစ်ဖျားခံ၍ မိုးမိတ်နယ်ကို ဖြတ်စီးသည်။ ဒုဋ္ဌဝတီခေါ် နမ္မတူမြစ်အောက်ပိုင်းကို မြစ်ငယ်မြစ်ဟုခေါ်၍ ထိုမြစ်သည် စစ်ကိုင်းမြို့၏ တဖက်ကမ်းတွင် ဧရာဝတီတွင်းသို့စီးဝင်သည်။ မြစ်ငယ်၏ အရေးကြီးသော လက်တက်တခု ဖြစ်သည့် ဇော်ဂျီမြစ်မှာလည်း ပင်းတယနှင့် ရပ်စောက်နယ်များတွင် မြစ်ဖျားခံ၍ စီးဆင်းသည်။ နမ့်လွယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်မှ မြစ်ဖျားခံ၍ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနယ်ကို ဖြစ်ကာ လောနှင့်ပြည်ထောင်စု မြန်မာနိုင်ငံအကြား နယ်နိမိတ် ဖြစ်သော မဲခေါင်မြစ်တွင်းသို့ စီးဝင်သည်။

.:: တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများ မှ ::.

မှတ်ချက် ။ ။