ရှမ်းလူမျိုးများ၏ နတ်ကိုးကွယ်ခြင်း အပေါ်ယုံကြည်မှုသဘောထား

ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊ နတ်သားတို့ အားအရှမ်းအခေါ် ခွန်ဖီ၊ နန်းဖီဟု ခေါ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်သည်.....

ရှမ်းအိုးစည်

ဒါကတော့ ရှေးယခင်က မောရှမ်းတွေတီးတဲ့ ရှမ်းအိုးစည်ပါ ဓနုအိုးစည်နဲ့ဆင်ပါတယ်....ဒါပေမယ့်.....

၂၀၀၉ ရှမ်းနှစ်သစ်ကူးကထိန် (တောင်ကြီး)

ကျိုင်းတုံကျောင်းရှေ့စုရပ်တွင် ရှမ်းအိုးစည်တီးဗုံမောင်းတီး၍ ပျော်ရွှင်စွာ ကခုန်ကြနေကြစဉ် .....

Aug 26, 2009

သိုဟန်ဘွား AD 1527-1543

မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည် မင်းဝမင်းနရပတိ၊ ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း ဗညားရံတို့ အနိစ္စရောက်သည့် နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင် သိုဟန်ဘွား ဒုတိယအကြိမ် နန်းတက်ခြင်းဖြစ်သည်။

သက္ကရာဇ် (၇၂၆)၊ အေဒီ ၁၃၆၄ ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး ဘုရင်နရပတိ တိုင်အောင် မင်း ၁၄ ပါးတွင် မင်းစဉ်ပြတ်၍ မိုးညှင်းစဝ်လုံသား သိုဟန်ဘွားသည် အင်းဝကိုတက်၍ မင်းပြုတော်မူသည်။ သိုဟန်ဘွားကို အဘစဝ်လုံပေးသော အလုံးအရင်းကား တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲခြောက်သောင်း ပေးသည်ဟူ၏။ နရပတိ၏တူတော် မင်းကြီးရန်နောင်သည် အင်းဝပျက်သောအခါ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေသည်ကို မိုးညှင်းစဝ်လုံကျခါ်၍ "ငါ့သား သိုဟန်ဘွားသည် ဗမာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင်ပဲ့ပြင်၍ စီရင်ခင်းစီရင်ဖွယ်ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ" ဟူ၍ ဆို၏။ ပြင်စည်မြို့ကိုလည်း ပေး၍ စား၏။ စဝ်လုံလည်း အင်းဝနိုင်ငံကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ပြန်လေ၏။ သိုဟန်ဘွားလည်း စလင်းမြို့ကို စည်သူကျော်ထင်အားပေး၏။ ပုဂံကို သတို့အားပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအားပေး၏။ ပေါင်းတည်ကို ပျံချီကိုပေး၏။ အမြင့်ကို သက်တော်ရှည်အားပေး၏။

အင်းဝဘုရင်သိုဟန်ဘွားလည်း ပြည်တောင်ငူသို့ချီ၍ သိမ်းယူမည့်အကြောင်းကို မင်းကြီးရန်နောင်အား တိုင်ပင်တော်မူသော် မင်းကြီးရန်နောင်လည်း "ဤစော်ဘွားချီ၍ လုပ်ကြံချေက ပြည်တောင်ငူမျှသည် ခံနိုင်ချိမ့်မည်မဟုတ်။ ယင်းသို့မခံနိုင်၍ ပျက်ခဲ့လျှင် ဗမာနိုင်ငံ ဟူ၍ မရှိပြီ။ ရှမ်းတို့သာ ဗမာတို့ကို အစိုးရလေတော့မည်။ ကြွင်းမိသည့် ဗမာကြွင်းပါစေ" အမှတ်ရှိ၍ ဤသို့လျှောက်၏။ "ပြည်တောင်ငူကိုချီ၍ လုပ်ကြံတော်မူမည် မိန့်တော်မူရာမှာ ဆင်မြင်းဗိုလ်ပါသာ ပင်ပန်းတော့မည်။ ဘုန်းတော်ကြောင့် အလိုလိုညွတ်လာလေမည်။ အင်းဝကို အလိုတော်ပြည့်လေပြီးသည်ကို နေဝံ့မည်လော" ဟူ၍ လျှောက်၏။

"သိုဟန်ဘွားကား ကောင်းမှု မကောင်းမှုကိုမသိ။ ရတနာသုံးပါး ကိုလည်း မရိုသေ။ ချီ၍ လုပ်ကြံက ပျက်ချေတော့မည်။" ဟုယူဆ၍ သိုဟန်ဘွားထံ လက်ဆောင်ပဏ္ဏာများ ဆက်သပြီး ရင်းနှီးမှုကို ရယူမှ နိုင်ငံအရှည်တည်တံ့မည့် အကြောင်းကို ပြည်တောင်ငူမင်းတို့အား မင်းကြီးရန်နောင်က စကားဆိုသည်။ ပြည်တောင်ငူမင်းတို့လည်း ပဏ္ဏာကာရပို့သကြ၍ အချစ်ကိုယ်တူဖြစ်ကြ၏။ တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့နေလာမည်စိုး၍ ကန်ချောင်းဆည်မြောင်းရှိသမျှကိုလည်း တောင်ငူ မဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။ သက္ကရာဇ် (၈၉၂) ခုတွင် တောင်ငူမဟာသီရိ ဇေယျသူရ အနိစ္စရောက်၍ သားတော်မင်းတရား ရွှေထီးမင်းဖြစ်သည်။

သက္ကရာဇ် (၈၉၄) အေဒီ ၁၅၃၂ ခုနှစ်တွင် မိုးညှင်း စဝ်လုံသည် အင်းဝသို့ချီလာပြီး သားသိုဟန်ဘွားကိုခေါ်ပြီး ပြည်သို့ချီလေသည်။ ပြည်ဘူရင်ထွေးလည်း မိုးညှင်းစဝ်လုံ တို့တိုက်ခိုက်လျှင် အထူးထူးသော ပုဆိုးကောင်းများကိုယူ၍ အခြွေအရံ (၁၀၀၀) ခန့်နှင့် မိုးညှင်းစဝ်လုံကို ဆက်သလေ၏။ မိုးညှင်းစဝ်လုံလည်း အခြွေအရံနှင့်တကွ သိမ်းပြီးလျှင် အင်းဝသို့ပြန်လေသည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေ၏။ ဒီပဲယင်းသို့ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေ၏။ မိုးညှင်းစလုံလည်း မြေတူးအလွန်သို့ ရောက်လျှင် အတွင်းရှမ်းအပြင်ရှမ်း အချင်းတများရှိရာတွင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်တော်မူလေ၏။

အေဒီ ၁၅၃၉ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက်သည်။ မွန်ဘုရင်သူရှင်တကာရွတ်ပိ မခံနိုင်သဖြင့် ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပူးပေါင်းလေသည်။ တပင်ရွှေထီးတို့သည် ပြည်အထိ လိုက်၍တိုက်ခိုက်သည်။ ပြည်ဘုရင်လည်း အင်းဝဘုရင် သိုဟန်ဘွားကို အကူအညီတောင်းသဖြင့် အင်းဝဘုရင် သိုဟန်ဘွားသည် ရေတပ်ဖြင့် ပြည်သို့ရောက်လာ၏။ ရေတပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုနှစ် ပြည်ကို တပင်ရွှေထီးတို့က မအောင်နိုင်သေးချေ။ အေဒီ ၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်ပြန်၏။

ပြည်ကိုဝန်းရံတိုက်ခိုက်စဉ် အင်းဝဘုရင်သိုဟန်ဘွား၊ အုန်းပေါင်းခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစဝ်လုံငယ် တို့သည် ပြည်ဘုရင်ကို ကူညီရန်အတွက်ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြို တိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားများ ပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။

အင်းဝတွင် သိုဟန်ဘွားသည် "ရဟန်းသံဃာတို့သည် သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ အခြွေအရံဆည်းပူးကြသည်။ ပုန်ကန်သောင်းကျန်းလိုက ပုန်ကန်သောင်းကျန်းနိုင်ဖွယ် ရှိသည်" ဟု သံဃာတော်များကို အလှူဒါန လုပ်ဟန်ဖြင့် ပင့်ဆောင်၍ သတ်ပစ်လေသည်။ ထို့ကြောင့် အေဒီ ၁၅၄၈ ခုတွင် မင်းကြီးရန်နောင်က ပရိယာယ်ဆင်၍ သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်ပစ်လေသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Aug 15, 2009

မိုးညင်းစလုံ (စ၀်လုံ) အင်းဝ ကို တိုက်ခိုက်ခြင်း

မိုးညင်း (မိုင်းယန်း)သည် မွန်ဂိုတို့လက်ထက် ၁၂၈၉ ခုနှစ်မှစ၍ ရှိနေကြောင်းသိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာဖော်ပြထားသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီးတစ်ခုဖြစ်ခဲသည်။ အေဒီ ၁၄၁၆ ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၅၀၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် ဆင်မြင်းအလုံးအရင်းနှင့် ဒီပဲယင်းမြို့ကို တိုက်ခိုက်သိမ်းယူတော်မူသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် မင်းကင်းမြို့ကို ဝန်းရံတိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိတို့လည်း မြေတူးသို့ချီတက်၍ ခုခံသည်။ နရပတိတို့ မခုခံနိုင်၍ မြေတူးမြို့ကို မိုးညှင်းတို့ရလေသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် စစ်ကိုင်းသို့ ချီတက်လေသည်။

ပြည်ဘုရင်သတိုးမင်းစောသည် မိုးညှင်းစဝ်လုံ နှင့်ပူးပေါင်း၍ အင်းဝကိုတိုက်ခိုက်လေသည်။ အင်းဝဘုရင်နရပတိနှင့် အုန်းပေါင်ခွန်ငယ် တို့ပူးပေါင်း၍ ခုခံလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် ရေကြောင်းမှနေ၍ အင်းဝကို ချီတက်တိုက်ခိုက်ပြီး မိုးညှင်းစဝ်လုံတို့က ကြည်းကြောင်းဖြင့် ဝန်းရံတိုက်ခိုက်သောကြောင့် အင်းဝဘုရင်နှင့် အုန်းပေါင်းခွန်မိန်းငယ် တို့သည် မခံနိုင်သဖြင့် အရှေ့ဆင်ခေါင်းသို့ ဆုတ်ခွာ၍ နေရချေ၏။ မိုးညှင်းစဝ်လုံသည် ပြည်သတိုးမင်းစောကို အင်းဝနန်းတင်လေသည်။ ဆင်ကောင်းမြင်းကောင်းကို သိမ်းယူပြီး စစ်ကိုင်းဘက်သို့ကူး၍ မိုးညှင်းသို့ ပြန်လေ၏။ ပြည်ဘုရင်သတိုးမင်းစောလည်း မိုးညှင်းစဝ်လုံ ပြန်လျှင် အင်းဝတွင်ရှိသော လူကြီးတို့ကိုသိမ်းယူ၍ စုန်တော်မူ၏။ ပြည်ဘုရင်သတိုးမင်းစော ပြည်သို့စုန်လျှင် နရပတိ နှင့် အုန်းပေါင်းခွန်မိန်းငယ်သည် အင်းဝသို့ပြန်ဝင်လေ၏။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းတို့တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ အင်းဝဘုရင်နရပတိ နှင့်အုန်းပေါင်းခွန်မိန်းသည်လည်း လူအင်အားစုရုံး၍ တောင်ငူမြို့အထိပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော် တောင်ငူမြို့ကိုကား မသိမ်းနိုင်ခဲ့ချေ။

နရပတိသည် အင်းဝတွင် ပြန်လည်အင်အားစုဆောင်းနေလေသည်။ အေဒီ ၁၅၂၇ ခုနှစ် မြန်မာသက္ကရာဇ် (၈၈၈) တွင် မိုးညှင်းစဝ်လုံသည် စစ်အင်အားများစွာဖြင့် အင်းဝသို့ ချီတက်လာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစဝ်လုံတို့သည် ဟန်လင်းမှတဆင့် စစ်ကိုင်းသို့ချီလာ၍ အင်းဝကို ဝန်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်းခွန်မိန်း ငယ်မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်သေးချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့တွင်းသို့ ဝင်ရောက် တိုက်ခိုက်လေသည်။ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသောဆင်ကိုစီး၍ ထွက်လာသောအခါ မိုးညှင်းစဝ်လုံနှင့် သားတော်အိမ်ရှေ့မင်း သိုဟန်ဘွားသည် ဆင်နှင့်ခံ၍တိုက်လေသည်။ နရပတိသည် ဦးခေါင်းတွင် အမြောက်ဆံသင့်၍ နတ်ရွာစံလေသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Aug 11, 2009

ရှမ်းညီနောင် သုံးပါး

အခါတပါး ဘိန္နမြို့ကိုအစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ စော်ဘွားကြီးမရှိ၍ သားတော်ကြီးက ဘိန္နကမြို့ကို မင်းပြုတော်မူ၏။ နောင်တော်၏ လုပ်ကြံမှုကိုစိုးရိမ်သဖြင့် ညီတော်အငယ် သိင်္ဂဗိုလ်သည် အလုပ်အကြွေးတို့နှင့်တကွ မြင်ဆိုင်းအရပ်သို့ တိမ်းရှောင်လာသည်။ မြင်ဆိုင်းတွင် အသည်သူကြွယ် သမီးနှင့် အိမ်ထောင်ပြုပြီး ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူဟူသော သားတော်သုံးပါး ထွန်းကားသည်။ အခါတပါး သိင်္ဂဗိုလ်သည် တူးရွင်းထမ်းပြီး တောသို့ သွားရာတွင် နောက်ကတူးရွင်းကို မိုးကြိုးပစ်လေ၏။ သိင်္ဂဗိုလ်သည် "ငါကား အိုမင်းပြီ၊ ငါ့သားမြေးတို့သည် ရှေ့သို့အထင်အရှား ကောင်းစားရစ်လိမ့်မည်" ဟူ၍နိမိတ်ကိုဖတ်ပြီး သားသုံးယောက်ကို နရသီဟပတေ့မင်းကြီးအား ဆက်သလေ၏။နရသီဟပတေ့မင်းကြီးသည်လည်း ထိုသူတို့၏ အသွင်အပြင်ကို မြင်တော်မူသည်ဖြစ်၍ အပါးတော်တွင်ခစားစေ၏။ ထိုသုံးယောက်တို့သည် နရသီဟပတေ့မင်း ပေးအပ်သော တာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သဖြင့် ဆုလာဘ်တော်နှင့်တကွ ကျေးရွာပေးတော်မူ၏။ နရသီဟပတေ့မင်းကြီး မရှိ၍သားတော်ကျော်စွာမင်း လက်ထက်တွင်လည်း အမှုတော်ကို ထမ်းသည်။ အောင်မြင်မှုများ၍ ကျေနပ်အားရတော်မူသောကြောင့် အစ်ကိုအကြီးကို ရာဇသင်္ကြန်ဟူသော အမည်ဖြင့် မြင်ဆိုင်းမြို့ကို ပေးတော်မူ၏။ ညီအလတ်ကိုလည်း အသင်္ခရာ ဟူသောအမည်ဖြင့် မက္ခရာမြို့ကိုပေးတော်မူ၏။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ (ပင်လယ်ဘူး) ကိုပေးတော်မူ၏။

AD- ၁၂၈၇ ခုနှစ်တွင် မွန်ဂိုတပ်များ ပုဂံသို့ လာရောက် တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းသည် ပြည်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သားတော် သီဟသူက ခမည်းတော်ကို အဆိပ်ခတ်၍ လုပ်ကြံသဖြင့် နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်း နတ်ရွာစံလေသည်။ သီဟသူသည်လည်း ပဲခူးစား ငပမွန်ငယ်ကို လေးနှင်ပစ်ရာ မိမိမြှားဖြင့် မိမိကိုယ်ကိုထိ၍ နတ်ရွာစံလေသည်။ ထို့နောက် နရသီဟပတေ့မင်း၏ သားတော်အငယ် ကျော်စွာမင်းသည် ၁၂၈၉ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းမြန်းအုပ်စိုးသည်။

ကျော်စွာမင်း မင်းဖြစ်တော်မူလာပြီးနောက် မိဖုရားဖွားစောကို တိုင်ပင်ခြင်းမရှိသဖြင့် မင်း (၃) ဆက်တိုင်အောင် မိဖုရားဖြစ်ခဲသော မိဖုရားဖွားစောသည် ကျော်စွာမင်းအပေါ် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မိဖုရားစောသည် ရှမ်းညီနောင်သုံးဦးကို တိုင်ပင်၍ ကျော်စွာမင်းကို နန်းချရန်စီစဉ်လေသည်။

ရှမ်းညီနောင်သုံးဦးတို့သည် အစတွင် ပုဂံ၏ကျေးဇူးသစ္စာကို ခံယူဟန်ဆောင်ခဲ့ကြသည်။ မွန်ဂိုတို့ကို ကြောက်ရွံ့၍လည်း ပုန်ကန်သူများအဖြစ် မခံယူလိုပေ။ သို့ရာတွင် သီဟသူသည် အေဒီ ၁၂၉၅ ခုနှစ်တွင် ဧကရာဇ် အဖြစ်ကြေညာသည်။ ကျော်စွာမင်းသည် မွန်ဂိုတို့နှင့် အဆက်အသွယ်ရှိနေရကား ရာဇသင်္ကြန်နှင့် သီဟသူတို့တို့သည် တကောင်းတွင်ရှိသော မွန်ဂိုတို့ကို တိုက်ခိုက်သည်။ ထို့နောက် ပုဂံကိုတိုက်ခိုက်၍ AD ၁၂၉၈ တွင် ကျော်စွာမင်းကိုနန်းချကြသည်။ မိဖုရားစောနှင့်တိုင်ပင်၍ ကျော်စွာမင်းကို သားနှင့်တကွ မြင်စိုင်းသို့ပင့်ဆောင်၍ သင်္ကန်းဝတ်စေပြီး မြင်စိုင်း၌ အစောင့်အရှောက်နှင့်တကွ ထား၏။ ဤအတွင်း ကျောင်ဆည်ခရိုင်၏ အနောက်ဘက်ပိုင်းတွင် သီရိရာဇာ အမည်ဖြင့် ဗမာဘုရင်တစ်ပါးပေါ်ပေါက်၍ ရှမ်းတို့ကိုတိုက်ခိုက်သည်။ ရှမ်းတို့သည် ပပိုင်ဆီပူ (ဇင်းမယ်)မှ စစ်ကူတောင်းကာ စားရေရိက္ခာကြွယ်ဝလှသော မြစ်သာဆယ်တစ်ခရိုင်လုံးကိုသိမ်းပိုက်ကြသည်။ ၁၂၉၉ ခုနှစ်တွင် ရှမ်းတို့သည် စောနစ်မင်းကိုပုဂံ၌ နန်းတင်၍ ရုပ်သေးရုပ်အဖြစ်ထားကာ မွန်ဂိုတို့ကို တစ်ဘက်တွင် လှည့်ဖြား၍ ပိရိစွာလိမ်လည် ထားကြသည်။

အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များ မင်းရိုးကို နန်းတင်ရန်အတွက် မြင်စိုင်းသို့ ရောက်လာကြသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ထိုအကြောင်းကို ကြားသိသဖြင့် နန်းကျကျော်စွာကို သတ်ပြီး မင်းရိုးမရှိပြီ ဟုပြောကာ ကျော်စွာမင်း၏ ခေါင်းကို မွန်ဂိုတို့အားပြလေ၏။ မွန်ဂိုစစ်သူကြီးတို့လဲ "မင်းရိုးမရှိလျှင် ငါတို့ပြန်မည်။ လက်ဆောင်ပဏ္ဏာကရသာ ပေးတော့" ဟုဆိုလာသဖြင့် ရှမ်းညီနောင်သုံးပါးတို့သည်လည်း လက်ဆောင်ပဏ္ဏာ၊ လက်နက်များစွာစီရင်၍ ပို့လေသည်။ မွန်ဂိုတို့သည် မိမိတို့၏စစ်သည်အင်အားကို ပြလို၍ အလျားတာ (၇၀၀၀)၊ အနံ (၂) တာ၊ စောက် (၂) တာရှိသည့် နယ်ခြားမြောင်းကို နေဝင်ပြီးမှ စတင်တူးဖော်ရာ နေမထွက်ခင် တူးပြီးသည်ဟုဆိုသည်။ တူးရွင်းသွားထိုးမိ၍ ပြတ်လေသော လက်ဖျားခြေဖျားတို့ကို ကောက်ယူစုပုံထားသဖြင့် ဆယ်တင်းဝင်ပုတ်နှင့် ပြည့်သည်ဟူ၏။ ထိုမွန်ဂိုတပ်များထဲတွင် တရုတ်စစ်သည်တော်များ၊ မောရှမ်းစစ်သည်တော်များ၊ မိုးမိတ်၊ မိုးကောင်း စစ်သည်တော်များ၊ ရှဲန်ဆည်စစ်သည်တော်များ ပါဝင်လာကြသဖြင့် မြောင်းကိုဦးဆောင်တူးသူမှာ မိုးမိတ်စောဘွား ခွန်ယီကွဲခမ်းနှင့် ရှဲန်ဆည်မှ တောဝ့်နွဲ့ချယ် တို့ဖြစ်သည်။ မွန်ဂိုတို့သည်လည်း ကျော်စွာမင်း၏ ဦးခေါင်းကိုယူ၍ပြန်လေသည်။

(မြန်မာ့စွယ်စုံကျမ်းတွင်မူ အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များသည် ရှမ်းညီနောင်တို့၏ မြိုတော်ဖြစ်သော မြင်စိုင်းမြိုကို ချီတက်တိုက်ခိုက်ကြသည်။ မိမိတို့ထံ ထွက်ပြေးလာသော (နန်းကျကျော်စွာ၏သား) ရဟန်းတော် ကုမာရကဿပ ကိုလည်း နန်းတင်ရန် တစ်ပါတည်းခေါ်လာကြသည်။ မြင်စိုင်းကို ရံ၍တိုက်ရာ အောင်လုနီးပါးတွင် ရှမ်းညီနောင်တို့၏ ပရိယာယ်ကြောင့် အလံကိုဖြုတ်ပြီးလျှင် မွန်ဂိုတပ်များ ဆုတ်ခွါသွားကြလေသည်။ တက်တော်မူမင်းကြီး အမည်ခံယူသော ကုမာရကဿပသည်လည်း မွန်ဂိုတပ်များနှင့် ပြန်လည်လိုက်ပါသွားရလေသည်။)

အေဒီ ၁၃၁၂ ခုနှစ်တွင် သီဟသူသည် မြစ်ငယ်မြစ်နှင့် ပေါင်းလောင်းမြစ်ဆုံရာတွင် ပင်းယမြို့ကိုတည်ထောင်စိုးစံတော်မူလေသည်။ ပင်းယမြို့ကိုတည်ထောင်၍ (၆) နှစ်ရှိသောအခါ သားတော်ဥဇနာကို အိမ်ရှေ့အရာ ပေးတော်မူ၏။ သားတော်အလတ်ကျော်စွာအား ပင်လယ်ဘူးမြို့ကို ပေးတော်မူ၏။ သားတော်အငယ် နော်ရထာကို ရှစ်ရှားမြို့ကိုပေးတော်မူ၏။ တရံရောအခါတောင်ငူစား သဝန်ငယ်သည် ဆက်ကပ်မြဲ မဆက်သောကြောင့် သားတော်အိမ်ရှေ့ဥပစာနှင့် သားတော် အလတ်ကျော်စွာကို အလုံးအရင်း ဆင်မြင်းများနှင့်ချီရလေ၏။ တောင်ငူသဝန်ငယ်သည် မထောင်သာဝန့်သဖြင့် သစ္စာတော်ခံပြီး လက်ဆောင်ပဏ္ဏာများ ဆက်သခဲ့ရသည်။ ညီနောင်သုံးပါးသည် (၁၂) နှစ်တိုင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်ဘူး တို့၌ တိုင်းပြည်ကို အပြိုင်အုပ်စိုးခဲ့ကြသည်။ နန်းသက် (၁၂) နှစ်ရှိသောအခါ အေဒီ ၁၃၁၅ ခုတွင် ညီတော်သီဟသူသည် နောင်တော် အသင်္ခရာအား ဆေးဖြင့်လုပ်ကြံသဖြင့် နောင်တော် အသင်္ခရာနတ်ရွာစံလေသည်။ အေဒီ ၁၃၂၇ တွင် ရာဇသင်္ကြန်သည် မကျန်းမာ၍ နတ်ရွာစံလေသည်။

တစ်စီးရှင်သီဟသူသည် အိမ်နိမ့် (၃၃)၊ စည်းစိမ် (၂၂)၊ သက်တော် (၅၅) နှစ်တွင်နတ်ရွာစံလေသည်။ ထို့နောက် သားတော်ဥဇနာသည် ခမည်းတော်၏ ထီးနန်းကို ဆက်ခံလေသည်။ ဥဇနာမင်းသည် အိမ်နိမ့် (၂၂)၊ စည်းစိမ် (၂၀)၊ သက်တော် (၄၂)နှစ်တွင် ညီတော်ကျော်စွာအား ထီးနန်းလွှဲအပ်တော်မူလေသည်။ ကျော်စွာမင်းသည် အိမ်နိမ့် (၃၆)၊ စည်းစိမ် (၉)၊ သက်တော် (၄၅)နှစ်တွင် နတ်ရွာစံလေသည်။ ယင်းနောက် သားတော်ကျော်စွာသည် (၁၀) နှစ်မင်းဖြစ်တော်မူ၏။ ၄င်းနောက် အေဒီ (၁၃၆၃) ခုတွင် ကျော်စွာ၏ညီတော် နရသူသည် (၃) နှစ်မင်းဖြစ်ခဲပြီး မောရှမ်းတို့ကဖမ်းဆီးသွားသောကြောင့် "မောပါနရသူ" ဟူ၍ အမည်တွင်လေသည်။

အေဒီ ၁၃၁၅ ခုနှစ်တွင် သီဟသူ၏သားတော်ငယ် အသင်္ခရာစောယွန်း (မြောက်နန်းမိဖုရား၏သားတော်) သည် စစ်ကိုင်းမြို့ကိုတည်တော်မူသည်။ (စစ်ကိုင်းကို ရှမ်းဘာသာဖြင့် "စေကျိုင်း" ဟုခေါ်သည်။ "စေ" သည် "ဒေသ" ဖြစ်၍၊ "ကျိုင်း" သည် "မန်ကျည်းပင်" ဖြစ်သည်။ ထို့ကြောင့် "စေကျိုင်း" ဆိုသည်မှာ မန်ကျည်းပင် ပေါသောဒေသ" ဟုအဓိပ္ပာယ်ရသည်။) အေဒီ ၁၃၆၃ ခုနှစ် ကဆုန်လတွင် နရသူ၏ ဖိတ်ခေါ်ချက်အရ မောရှမ်းတို့သည် စစ်ကိုင်းကို တိုက်ခိုက်၍ ထိုနှစ် နယုန်လတွင် ပင်းယကို တိုက်ခိုက်လေသဖြင့် စစ်ကိုင်းနှင့်ပင်းယ နှစ်မြို့လုံးပျက်ရသည်။ မောရှမ်းတို့သည် ပင်းယမြို့ကိုနိုင်ပြီး နရသူနှင့်တကွ ဆင်ဖြူ (၃) စီးကိုယူကာ ပြန်လေလျှင် နရသူ၏နောင်တော် ဥဇနာပျောင်ကို အမှူးအမတ်အပေါင်း ညှိ၍ စောဥမ္မာနှင့်စုံဖက်၍
နန်းတင်ကြသည်။ ဥဇနာပျောင်နန်းတက်၍ သုံးလရှိသောအခါ သတိုးမင်းဖျားသည် ကြခတ်ဝမှလာ၍ ဥဇနာပျောင်ကို လုပ်ကြံပြီးသော် စောဥမ္မာကို မိဖုရားမြှောက်၍ ပင်းယကို မင်းပြုတော်မူ၏။ အင်းဝသည် မင်းဆက် (၆) ဆက်၊ မင်းသက် (၅၂) နှစ် ရှိခဲ့ပြီး စစ်ကိုင်းသည် မင်းဆက် (၇) ဆက်၊ မင်းသက် (၃၉) နှစ်ရှိခဲ့သည်။

အင်းဝမင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၈-၁၄၀၁) နှင့် ယင်း၏သားတော် မင်းခေါင် (အေဒီ ၁၄၀၁-၁၄၂၁) တို့လက်ထက်တွင် အင်းဝနှင့် ဟံသာဝတီတို့ နှစ်ပေါင်း (၄၀) ကာလကြာစစ်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူက မည်သူ့ကိုနိုင်အောင် မတိုက်နိုင်ခဲ့ပေ။ ထိုခေတ်ဟံသာဝတီ မင်းကား ရာဇာဓိရာဇ်မင်းဖြစ်ပေသည်။ အေဒီ၁၄၁၇ ခုနှစ်တွင် ၄င်းတို့စစ်ပွဲများ ရပ်တန့်ခဲ့လေသည်။ အင်းဝနှင့် ဟံသာဝတီတို့စစ်ဖြစ်နေသောအချိန်တွင် ဗမာလူမျိုးတို့သည် တောင်ငူတွင် စိုးစံခဲ့ပြီး ဗမာနိုင်ငံတော်ကို ထူထောင်နိုင်ရန်အတွက် အင်အားစုဆောင်းသော
အချိန်ဖြစ်သည်။

မှတ်ချက်။ ။ အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Aug 9, 2009

မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း

AD ၁၂၈၀-၁၅၅၄
မြန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသောဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကိုဦးဆောင်သော ထိုမင်း၏ညီတော် ဘိန္နကရာဇ်သည် ရွှေလီမြစ် အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာဘက်ကမ်းတွင် "မိုင်းမော" ဟုခေါ်တွင်သောဒေသတွင် အခြေချကာ ရှမ်းတစ်ဆယ်ကိုးခရိုင်ကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ထိုကြောင့် "ရှမ်းပြည်ထောင်အစ မိုင်းမောက" ဟုလည်းဆိုရိုးပြုခဲ့ကြလေသည်။

မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။