

၁၇။ ဆေ (ကျား) မင်းဆက် .... အေဒီ ၁၃၃၀-၁၄၄၈ ခေတ်ကာလအတွင်းတွင် မိုင်းမောဝ် ဒေသတွင် ဘုရင်အဆက်ဆက် အုပ်စိုးခဲ့ပြီး မြို့တော်လဲ များစွာရှိခဲ့သည်။ မင်းဆက်များမှာ ဆေခမ်ဖ (တိုက်ပွဲများစွာတိုက်ခဲ့သူ) ၊ ဆေဟုမ်ဖ ၊ ဆေခန်ဖ ၊ ဆေငင်းဖတို့ဖြစ်ကြပြီး မြို့တော်များကိုလည်း ဇေဟိုင်း ၊ စဲလန် ၊ တာဘို ၊ ချိန်းလွမ်း နှင့် ခွန်ဟော်ခမ်း သို့ အသီးသီး ရွေ့ပြောင်းခဲ့ကြသည်။


၁၈။ ကျွမ်းကျင်မှုတိုးတက်လာခြင်း .... စဝ်ဆေခန်ဖသည် တိုက်ပွဲအများအပြား တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် စဝ်ဆေခန်ဖသည် မိမိ၏တိုင်းသူပြည်သား များအားလက်ရုံးရည် နှစ်လုံးရည် ပြည့်စုံအောင် လှုံဆော်ခဲ့သည်။ အထူးသဖြင့် ကိုယ်လုံပညာကို အဓိကထားစေပြီး နှစ်စဉ် သိုင်းပြိုင်ပွဲများကိုလဲ ကျင်းပပေးခဲ့လေသည်။ တိုင်းသူပြည်သားများအား လိမ္မာယဉ်ကျေးစေရန် လည်းသွန်သင်ဆုံးမရာ မိမိတို့ တိုင်းရင်းသာ ဘာသာတွင် မင်္ဂလာစကားဖြစ်သော "အော်ခ၊ ခ" ကိုလည်း အသုံးပြုစေခဲ့သည်။ ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစား စေခဲ့သည်ဟုဆိုသည်။


၁၉။ အနယ်နယ်မှ စဝ်ဆေခန်ဖ ထံသို့ ခိုလှုံခြင်း .... မိုင်းမောဝ်ပြည်ကြီးသည် တဖြည်းဖြည်း ကြီးကျယ်စည်ပင်ဝပြောလာရာ အေဒီ ၁၃၃၁ ခုနှစ်တွင် အရှင် စဝ်ဆေခန်ဖ သည် မိမိ၏ ညီတော်ဖြစ်သော စစ်သူကြီး စဝ်ဆမ်လုံ အား အနောက်ဘက်သို့ စစ်ချီစေလေသည်။ စဝ်ဆမ်လုံ ဦးစီးသော တိုင်ပွဲဝင်သူများသည် သစ်ပင်အားမိုးကြိုးပစ်သည့်ပမာ ရဲရင့်ကြလေရာ အနောက်ဘက်ပိုင်း တနယ်လုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။ နောက်ပိုင်းတွင် နယ်မြေ အကြီးအသေး ပါမကျန်သိမ်းပိုက်နိုင်ခဲ့လေသည်။ အေဒီ ၁၃၄၂ တွင် တရုတ်စစ်သည်များ မိုင်းမော ကို နှစ်နှင့်ချီအောင် တိုက်ခိုက်ခဲ့သော်လည်း အရှုံးနှင့်သာပြန်သွားရကြောင်း ဆို၏။


၂၀။ မင်းယုတ် ဆေဟုန်ဖ .... မိုင်းမောဝ်ပြည်တွင် ဆေဟုန်ဖမင်းဖြစ်သည့်အခါ ဆေဟုန်ဖသည် အရက်နှင့် မိန်းမကိစ္စ စသော အပျော်အပါးသာ လိုက်စားလေသည်။ အေဒီ ၁၃၈၄ ခုနှစ်တွင် ဈေးသစ်နှစ်ခုကို တည်ထောင်လေသည်။ ဈေးတစ်ခုမှာ ကျောက်ပေါက် ရှိသောသူများအတွက်ဖြစ်ပြီး ကျန်တစ်ဈေးမှာ တံတားနှင့်ဖြစ်ပြီး မျက်နှာသန့်စင်သော သူများအတွက် ဖြစ်သည်။ ဆေဟုန်ဖသည် ဒူးခန့်ရှိသော ရေချောင်းကို မိန်းကလေးများ ဖြတ်သည့်အခါတွင် မိန်းခလေးများ၏ ပေါင်နှင် ခြေသလုံး များအား စောင့်ကြည့်နေခဲ့လေသည်။ မိမိကိုယ်တိုင် ဘုရင် တစ်ပါးဖြစ်ပါလျက် ထိုသို့သော အမူအကျင့်များ ပြုမူနေသောအခါ တိုင်းသူပြည်သားများက မလိုလားခြင်းကြောင့် တိုင်းပြည်မှစွန့်ခွာသွားရလေသည်။ (မြို့တော် ပန်ကုန်းဟော် နှင့် တံတားတို့ မှာ ယခု မူဆယ်အနီးတွင် ရှိသည်ဟုဆိုလေသည်။)