Oct 3, 2009

ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း

ဘုရင်နောင် အင်းဝကိုရပြီးနော်က အုံးပေါင်ခွန်မှိုင်းစားသော စဥ့်ကူးမြို့ကို ရေကြောင်းဆန်၍ လုပ်ကြံစေပြန်သည်။ မြန်မာသက္ကရာဇ် ၉၁၆၊ အေဒီ (၁၅၅၄) ခုနှစ် တပေါင်းလခန့်တွင် ဗန်းမော်ရှမ်းပြည်ဘက်သို့ ချီရာ ဓိကျည်၊ ကောင်းတုံ၊ ကောင်းစင်၊ ငရင်၊ ဗန်းမော် စသည်တို့မှ လက်ဆောင်တို့ဖြင့် ခိုဝင်လာသည်။ ထို့နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင် စသောရှမ်းပြည်နယ်တလွှားကို သိပ်ယူလေသည်။ အေဒီ ၁၅၅၇ တွင် မိုးနဲကိုရသော် ထားစင်ဆိပ်မှ သံလွင်မြစ်ကို ကူးပြီးလျှင် ဇင်းမယ်သို့ ချီ၍ လုပ်ကြံသည်။ အေဒီ ၁၅၅၈ ခုတွင် မင်းနှင့်တကွ မြို့ကိုရသည်။ ဇင်းမယ်မင်း ကို မင်းမြဲပြုစေ၍ ဇင်းမယ်တွင် ဗမာတပ်ကို အစောင့်အနေချထားကာပြန်လေသည်။ အပြန်တွင် ဇင်းမယ်သား ပညာသည်တို့ကို ခေါ်ခဲ၍ ဟံသာဝတီတွင် အကွက်ချ၍ နေစေသည်။ ထိုအခါမှစ၍ မြန်မာနိုင်ငံသို့ ဇင်းမယ် ယွန်းထည်ပညာ ရောက်လာသည်ဟု ဆိုကြသည်။

ဇင်းမယ်ကိုရလျှင် သိန္နီစော်ဘွားသစ္စာခံလာသည်။ အေဒီ ၁၅၅၉ ခုနှစ်တွင် ကလေး၊ မင်းကင်းနယ်ပယ်များကို ကသည်းစော်ဘွားက သစ္စာခံ၍ သမီးတော်ကိုဆက်သည်။ အေဒီ ၁၅၆၂ ခုတွင်တရုတ်ပိုင်ယူနန်နယ်ကို ချင်းနင်းဝင်ရောက်ကာ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား စသော ရှမ်း တရုတ် နယ်ပက်တို့ကို သိမ်းယူလေသည်။ ထိုဒေသတို့တွင် ဘုရင့်နောင်နှင့် သားတော်အိမ်ရှေစံ နန္ဒဘုရင်ကို အုပ်ချုပ်သော ဗမာတပ်သားတို့ တိုက်ခိုက်မှုများမှာ အံ့ဖွယ်သူရဲရှိလှကြောင်း ထိုခေတ်တရုတ်သမိုင်းတို့တွင် မှတ်တမ်းတင်ထားလေသည်။ အမှန်မှာ ဘုရင့်နောင်လက်ထက် ဗမာတပ်များသည် အရှအရှေပိုင်းတွင် တန်ခိုးထွားလျက်ရှိသော တရုတ် မင်မင်းဆက်၏ တပ်များကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲသဖြင့် အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသော တပ်ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။

သိမ်းသွင်းထားပြီးဖြစ်သော နယ်အသီးသီးမှ စစ်သားများကို စုဆောင်း၍ ဖွဲ့စည်းထားသောကြောင့် လွန်စွာတောင့်တင်းသော ဘုရင့်နောင်၏ တပ်သည် အေဒီ ၁၅၆၃ ခုနှစ်တွင်ယိုးဒယား ပြည်တောင်ပိုင်း ကိုချီတက်တိုက်ခိုက်သည်။ ဘုရင့်နောင်က ယိုးဒယားသည် မြန်မာတို့၏ လက်နက်နိုင်ငံဖြစ်ကြောင်း ထင်ရှားစေလိုသည့် သဘောနှင့် ယိုးဒယားတွင်ရှိသော ဆင်ဖြူလေးစီးမှ တစ်စီးတောင်းသည်ကို ယိုးဒယားတို့ မပေးသဖြင့် ချီတက်ခြင်းဖြစ်သည်။ ယိုးဒယားမင်းကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်သော လုံကလိတပ်ကို သင်္ဘောသုံးစီးနှင့်တကွ ရသည်တွင် ယိုးဒယားမင်းလက်နက်ချ၍ ဆင်ဖြူတော်များကို ဆက်သည်။ ဤတွင် ဘုရင့်နောင်မင်းတရားသည် ဟံသာဝတီ ဆင်ဖြူများရှင် ဘွဲကိုခံယူရရှိသည်။ ယိုးဒယားကို အောင်ပြီးနောက် ဟံသာဝတီ ဆင်ဖြူများရှင်သည် ယိုးဒယားတော်ကြီး ဗြမဟိန်အား ယိုးဒယားကို မင်းပြုစေပြီးလျှင် တပ်သား ၃၀၀၀ ခန့်ပါဝင်သော ဗမာမြို့စောင့်တပ်တစ်ခုချထားခဲသည်။ ယိုးဒယားမင်းကြီး ဗြသာဓိရာဇာ၊ သားငယ် ဗြရာမသွန်၊ အမတ်ကြီး အောက်ဗြစက္ကီနှင့် ဆင်ဖြူလေးစီးကို ဆောင်ယူခဲ့သည်။ ထိုမှတပါး အနုပညာဆိုင်ရာ အဖိုးတန်ပစ္စည်း၊ ယိုးဒယားသား အချက်အပြုတ်၊ အတီးအမှုတ်၊ လက်မှုပညာတို့ ကို သားမယားနှင့်တကွ ဆောင်ယူခဲ့၍ အသီးသီး အကွက်အရပ်ချ၍ နေစေသည်။


ဘုရင့်နောင်သည် ရန်သူကိုပင် စိတ်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်တော်မူတတ်သည့် ဝါသနာအတိုင်း ယိုးဒယားဘုရင် ဗြသာဓိရာဇာအား ရဟန်းဝတ်ခွင့်ပြုပြီးလျှင် ယိုးဒယားသို့ပြန်လို့သည် ဆို၍ ပြန်ခွင့်ပြုသည်။ သို့ရာတွင် ယိုးဒယားဘုရင်သည် ယိုးဒယားသို့ရောက်သော် လူသူလက်နက်စုဆောင်း၍ တော်လှန် ပုန်ကန်လေသည်။ အေဒီ ၁၅၆၈ ခုနှစ်တွင် ဘုရင့်နောင်သည် ယိုးဒယားသို့ ချီတော်မူ၍ ၁၀ လခန့် မြို့ကိုဝန်းရံ၍ မင်းနှင့်တကွ တစ်မြို့လုံးကိုရသည်။ ယိုးဒယား ကိုရ၍ လင်းဇင်းသို့ချီတော်မူသည်။

လင်းဇင်းမင်းဗြဲစဲစစ် ထွက်ပြေး၍ မရသော်လည်း မိဖုရား၊ သမီး၊ ကိုယ်လုပ်မောင်းမနှင့် မှူးမတ် ဆင်၊ မြင်း လူသူတို့ကို ရသည်။ မိဖုရား၊ သမိး၊ ကိုယ်လုပ်တော်များကို အသုံးအဆောင် အဝတ်အစား အစေအပါးပေးတော်မူ၍ နန်းတွင်းတွင် ကောင်းမွန်စွာထားတော်မူသည်။ လင်းဇင်းမင်းညီ မိုင်းခံစားစော်ဘွားအားလည်း အဆောင်အယောင် အခြံအရံ အိမ်ရာပေးတော်မူ၍ အပါးတော်တွင် မပြတ်မြဲစွဲစေသည်။ လင်းဇင်းမှရခဲ့သော လူတစ်ထောင်ကျော်ကိုလည်း အကြီးခေါင်းနှင့်အတူ အစုအကွက်ချ၍ အမှုတော်ကို ထမ်းစေလေသည်။

ယင်းသို့ ဇင်းမယ်၊ ယိုးဒယား၊ လင်းဇင်းတို့သို့ ထွက်၍ တိုက်တော်မူစဉ် ဟံသာဝတီတွင် ရှမ်းပြည် အရပ်ရပ်မှယူခဲသော သုံ့ပန်းလူအပေါင်းတို့သည် ပုန်ကန်ကြပြီး ဟံသာဝတိရှိ အဆောက်အဦးတို့ ကို မီးတိုက်ကြလေသည်။ ဘုရင့်နောင်မရှိခိုက် အင်းဝဘုရင်ဟောင်း နရပတိစည်သူနှင့် တာနောအမတ်တို့ ဦးစီး၍ သူပုန်တို့ကို တိုက်ရာ သူပုန်တို့ပျက်၍ ဒလသို့ပြေးသည်။ ဘုရင့်နောင် ကြားသိလေသော် ၉၂၇ခုတွင် ဟံသာဝတီသို့ပြန်၍ အပျက်အစီးများကို မြင်၍ ပြင်းစွာအမျက်ထွက်ပြီး နန်းတော်သို့ မဝင်တော့ပဲ ဒလသို့ချီသည်။ ပုန်ကန်သူ ၇၀၀ ကျော်သေ၍ ၇၀၀၀ ကိုလက်ရဖမ်းမိသည်။ ဗားတော်ဆရာတော် အမှူးရှိသောမွန် မြန်မာဆရာတော်များ၏ ဟောပြောချက်အရ သူပုန်ခေါင်းဆောင် ၇ ကျိပ်ကိုသာ ကွပ်မျက်သည်။ ကျန်သူပုန်များအား ကြောက်လန့်စေရန် မီးထင်းတိုက်ဟန်ပြုပြီးမှ ဆရာတော်၏ တောင်းပန်ချက်အရ ပြန်လွှတ်ပေးလေသည်။

ဘုရင့်နောင်သည် ရှမ်းပြည်တစ်ခွင်လုံးကို သိမ်းသွင်းပြီးနောက် အေဒီ ၁၅၅၉ ခုနှစ်တွင် ရှမ်းပြည်ကို ပြည်ထောင်အဖြစ် အောက်ပါအတိုင်း သတ်မှတ်ပေးခဲ့သည်။

၁. မိုးကောင်းနယ် ---------------- မြို့ပေါင်း ၉၉ မြို့ရှိသည်။
၂. မိုးညှင်းနယ် ------------------ မြို့ပေါင်း ၃၇ မြို့ရှိသည်။
၃. သောင်သွပ်နယ် -------------- မြို့ပေါင်း ၂၈ မြို့ရှိသည်။
၎. မိုးမိတ်နယ် -------------------မြို့ပေါင်း ၄၉ မြို့ရှိသည်။
၅. သိန္နီနယ် -------------------- မြို့ပေါင်း ၄၉ မြို့ရှိသည်။
၆. အုန်းပေါင် (သီပေါ) နယ် ------- မြို့ပေါင်း ၂၉ မြို့ရှိသည်။
၇. မိုးနဲနယ် --------------------- မြို့ပေါင်း ၃၇ မြို့ရှိသည်။
၈. ညောင်ရွှေန ----------------- မြို့ပေါင်း ၃၉ မြို့ရှိသည်။
၉. မိုးဗြဲနယ် -------------------- မြို့ပေါင်း ၃၉ မြို့ရှိသည်။

ကျိုင်းတုံကား ခေမရဋ္ဌတိုင်းဖြစ်၍ ရှမ်းပြည်အရှေ့ပိုင်း အုပ်ချုပ်ရေးတွင် ပါဝင်သည်။ မောပြည် (မိန်းမော) ကားတရုတ်လက်အောက်ခံသဖြင့် ထို ၉ နယ်တွင် မပါဝင်ချေ။

ရှမ်းပြည်တစ်လွှား၌ စော်ဘွားတို့ သေလျှင် စောဘွားစီးသော ဆင်မြင်း၊ ချစ်သောကျွန်တို့ကို သတ်ပြီး တွင်း၌ အတူမြုပ်သောအကျင့်ကိုလည်း တားမြစ်၍ သာသနာတော်ကို ဖြန့်ပေးသည်။

နိုင်ငံသမိုင်း၏ ထပ်တလဲလဲ ဖြစ်ပျက်တတ်သည့် သဘောတရားအလျောက် ဗမာတို့သည် ပုဂံပျက်ပြီးနောက် အနှစ် ၂၄၀ ခန့်ကြာမျှ နိမ့်ကျခဲ၏။ ဤကာလမှာ ရှမ်းအမျိုးသားတို့ ဝင်ရောက်ချိန်မှ စတင်ခဲ့သည်။ ဤကာလတွင်း ပုဂံခေတ်မှာကဲ့သို့ ဗမာတို့ ၏ အရည်အသွေး ထင်ရှားခြင်းမရှိခဲ့ပေ။

မှတ်ချက် ။ ။

0 ဝေဖန်ချက်များ:

Post a Comment